ကမ္ဘာမြေမှ အာကာသသို့ လူသားများကို ပို့ဆောင်ပေးသည့် Gaganyaan စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လောင်စာရည်သုံး Vikas အင်ဂျင်၏ တတိယအကြိမ် အပူချိန်ကြာရှည်ခံမှု စမ်းသပ်ချက်ကို အောင်မြင်စွာ ပြုလုပ်နိုင်သည့်အတွက် အမေရိကန် SpaceX အာကာသစက်ပစ္စည်း ကုမ္ပဏီ ၏ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်က အိန္ဒိယအာကာသသုတေသနအဖွဲ့ (ISRO) အား ချီးကျူးစကားပြောကြားလိုက်သည်။
ဂုဏ်ယူကြောင်း ပြောကြားသည့် စကားလုံးဘေးတွင် အိန္ဒိယအလံကိုလည်းဖော်ပြခဲ့သည်။ တမီလ်နဒူးလ်ပြည်နယ် မဟိန္ဒာဂီရိရှိ ISRO ဒုံးလွှတ်စင်တွင် အင်ဂျင်အား စမ်းသပ်ခဲ့ရာ ၂၄၀ စက္ကန့်ခန့် ကြာရှည်ခဲ့သည်။
“အင်ဂျင်၏ စွမ်းဆောင်ရည်သည်စမ်းသပ်မှုရည်မှန်းချက်များနှင့် ကိုက်ညီပြီး အင်ဂျင်၏ သတ်မှတ်ချက် များသည် စမ်းသပ်မှုတစ်ခုလုံးအတွင်း ခန့်မှန်းချက်များနှင့်လည်း နီးစပ်သည်” ဟု ISRO က ပြောကြားခဲ့သည်။
Gaganyaanသည် ISRO ၏ လူသားလိုက်ပါမည့် အာကာသယာဉ် စီမံကိန်းဖြစ်ပြီး ကမ္ဘာမြေနိမ့်ပိုင်း ပတ်လမ်းအတွင်းသို့ အိန္ဒိယအာကာယာဉ်တစ်စင်းပို့ဆောင်မည်ဖြစ်သည်။ ပထမဆုံး မောင်းသူမဲ့မစ်ရှင်ကို ၂၀၂၁ ခုနှစ်ဒီဇင်ဘာလတွင် စီစဉ်ထားပြီး ဒုတိယတစ်စင်းမှာ ၂၀၂၂-၂၃ တွင် ပို့လွှတ်မည်ဟု စီစဉ်ထားသည်။
ယင်းအာကာသခရီးစဉ်အတွက် ရွေးချယ်ခံခဲ့ရသော အိန္ဒိယလေတပ်မှ အရာရှိ ၄ ဦးဖြစ်သည့် အုပ်စုခေါင်း ဆောင်နှင့် အရံတပ်မှူး ၃ ဦးတို့သည် ရုရှားနိုင်ငံ၊ ဇာယိုဇက်နီဂိုရိုဒေါ့ မြို့တွင် တစ်နှစ်တာ သင်တန်းကို တက်ရောက်ခဲ့ရာ ၂၀၂၁ခုနှစ်မတ်လတွင် သင်တန်းဆင်းပြီးဖြစ်သည်။ အာကာသယာဉ်အတွက် ခွဲစိတ်ဆရာဝန်နှစ်ဦးမှာလည်း ရုရှားနှင့် ပြင်သစ်တို့တွင် လေ့ကျင့်မှုခံယူနေကြောင်းသတင်းများက ဆိုသည်။
ISRO ၏ အားထား မျှော်လင့်ထားသည့် အာကာသအစီအစဉ်ကို ဝန်ကြီးချုပ် မိုဒီက ၂၀၁၈ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် တရားဝင်ကြေညာခဲ့သည်။
ကနဦးရည်မှန်းချက်မှာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်၊ အိန္ဒိယ၏ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ မတိုင်မီတွင် လူသားလိုက်ပါသည့် အာကာသယာဉ်ကိုလွှတ်တင်ရန်ဖြစ်သည်။ ISRO၏ ကြီးမားလှသည့် ဒုံးလွှတ်စင် GSLV Mk III ကိုလည်း ယင်းခရီးစဉ်အတွက် ပြုလုပ်ပြီးဖြစ်သည်။
ဂျက်ဖ်ဘော့စ် (Blue Origin) နှင့် အီလွန်မက်စ် (SpaceX) တို့ကို နောက်ကောက်ချပြီး ဇူလိုင်လ ၁၁ရက်တွင် ရစ်ချက်ဘရစ်န်သည်သူ၏ Virgin Galactic ၏ ပထမဆုံး အပြည့်အဝ စမ်းသပ်ပျံသန်းသော အာကာသ ယာဉ်ဖြင့် အာကာသစခန်းသို့ ပထမဆုံးလိုက်ပါခဲ့သော ဘီလီယံနာဖြစ်လာခဲ့သည်။ အီလွန်မက်စ်သည် ၂၀ဝ၆ ခုနှစ်တွင် လက်မှတ်၏ ကြော်ငြာဈေးနှုန်းမှာဒေါ်လာ ၂၅၀ဝဝဝ ဖြစ်ကတည်းက Galactic အတွက် လက်မှတ် တစ်စောင်ဝယ်ယူခဲ့ကြောင်း သတင်းများက ဆိုသည်။