မန္တလေးမြို့၌ ယနေ့ဒီဇင်ဘာလ ၁ ရက်တွင် ဟင်းတစ်မျိုးပါ အဝစားငွေကျပ်ငါးရာတန် ထမင်းဆိုင်များ
စတင်ဖွင့်လှစ်ရောင်းချရန်စီစဉ်ခဲ့ရာ တစ်ဦးချင်းအလှူရှင်များ ပေါ်ထွက်လာသဖြင့် အခမဲ့ကျွေးမွေးလှူဒါန်းခဲ့ရကြောင်း
စီစဉ်သူတစ်ဦးထံမှ သိရသည်။
“အခြေခံလူတန်းစားတွေအတွက် ရောင်းချပေးဖို့ စီစဉ်ခဲ့တာ အလှူရှင်ကလှူချင်ပါတယ်ဆိုလို့ အခမဲ့ကျွေးမွေးလိုက်တယ်။
ဆိုင်မှာထိုင်စားတာရော ပါဆယ်ရောရောင်းပေးဖို့ စီစဉ်ခဲ့တာပါ” ဟု စီစဉ်သူ ပရဟိတလူငယ်တစ်ဦးကပြောသည်။
ဝင်ငွေနည်း အခြေခံလူတန်းစားများအတွက် ရည်ရွယ်သည့် ဟင်းတစ်မျိုးပါ ကျပ်ငါးရာတန်
ထမင်းရောင်းချသည့် အစီအစဉ်ကို မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက နေရာသုံးခု၌ စတင်ဖွင့်လှစ်ခဲ့သော်လည်း
အလှူရှင်များက လှူဒါန်းလိုကြောင်း ဆက်သွယ်လာခြင်းကြောင့် အခမဲ့ကျွေးမွေး လှူဒါန်းခဲ့သည်ဟု ၎င်းကပြောသည်။
မန္တလေးချမ်းအေးသာစံမြို့နယ် လမ်း ၃၀ နှင့် လမ်း ၉၀ ထောင့် ကျောက်ဆစ်မီးသတ်အနီးရှိ
မိဘမေတ္တာထမင်းဆိုင်၊ မဟာအောင်မြေမြို့နယ် ၃၇(အေ)လမ်း၊ လမ်း ၆၀ နှင့် ၆၁ လမ်းကြား
ရွှေဘုန်းလူငယ် ပရဟိတလူမှုကူညီရေးအသင်းတို့တွင် နံနက် ၁၁ နာရီမ ှနေ့လယ် ၂ နာရီအထိ
ရောင်းချပေးသွားရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာဝင်းအတွင်းတွင်လည်း
အလားတူဖွင့်လှစ်ထားကြောင်းသိရသည်။
စစ်ကောင်စီက အာဏာသိမ်းထားသည့် ၁၀ လတာကာလအတွင်း ပြည်သူလူထု
အထူးသဖြင့်အခြေခံလူတန်းစားများ ဝင်ငွေအခက်အခဲ ဖြစ်နေကြခြင်းကြောင့် ဖြစ်ပေါ်လာသည့်
ထိုအစီအစဉ်ကို ရန်ကုန်မြို့က စတင်ခဲ့ခြင်းဖြစ်သည်။
Credit ; Mizzima