ကိုယ်အားငယ်နေချိန်၊ တစ်ခုခုကို စိတ်ဓာတ်ကျနေချိန်မှာ အားပေးအားမြှောက် လုပ်ပေးတဲ့သူက အရမ်းကို တန်ဖိုးရှိပါတယ်။ ဒါပေမယ့် တချို့တွေကျတော့လည်း အားပေးသလိုလိုနဲ့ ကိုယ့်ကို ကပ်နှိမ်သွားတာတွေ၊ ဖဲ့သွားတာတွေ ရှိတတ်ပါတယ်။
ဒီလိုလူဟာ အပြင်က တစ်စုံတစ်ဦးတောင် မဟုတ်ပဲ ကိုယ့်ရဲ့မိသားစုဝင်တွေပါ ဖြစ်နိုင်ပါတယ်။ သူတို့စကားတွေကြောင့် ကိုယ့်ရဲ့စိတ်ဟာ အခြေအနေ ပိုဆိုးသွားပြီး ကိုယ့်ကိုယ်ကို အားမလို အားမရတာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဲဒီလိုလူတွေရဲ့လက္ခဏာတွေကို ဖော်ပြပေးပါမယ်နော်။
၁။ ကြားနေလုပ်ပြီး အချိုသပ်ခြင်း
ကိုယ်က တစ်ခုခု အားငယ်နေချိန်မှာ တစ်စုံတစ်ဦးကို ရင်ဖွင့်ဖို့ လူကိုရှာတတ်ကြပါတယ်။ အဲ့ဒီအခါမှာ သူတို့ကနှလုံးသားနဲ့ နားထောင်ပေးမယ်။ မင်းငါ့ကိုယုံကြည်လို့ ရပါတယ်။ ဘယ်သူ့ကိုမှ ပြန်မပြောပြပါဘူးလို့ ပြောလေ့ရှိပါတယ်။ သင့်ကို တကယ်တန်ဖိုးထားတဲ့သူ ဆိုရင်တောင် သင့်ဘက်ကတောင် ကတိတောင်းစရာမလိုပဲ သူ့ဟာသူ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားမှာပါ။
တကယ်လို့ သူက သင်ပြောပြတာကို နားထောင်ချင်လွန်းလို့ ဖုန်းတွေဆက်၊ စာတွေ ပို့လာခဲ့ရင်တော့ မအားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ ငြင်းလွှတ်လိုက်ပါ။ အဲ့တာဆိုရင် သင်လဲ စိတ်ညစ်စရာတွေထဲက တစ်ခုလျှော့သွားမယ့်အပြင် သင့်လျှို့ဝှက်ချက်တွေကိုလည်း ဘယ်သူမှသိမှာ မဟုတ်ပါဘူး။
၂။ အမြဲတန်း ဝေဖန်နေခြင်း
တချို့သောလူတွေဟာ ကိုယ်ကိုယ်တိုင် ဘာမှမလုပ်ပဲနဲ့ သူများကို လိုက်ပြီး ဝေဖန်နေ တတ်ကြပါတယ်။ သူတို့ မသိတာတွေကိုလည်း ဆရာကြီးလုပ်ပြီးတော့ သင့်ကိုလည်း နေရာတိုင်း လိုက်ပြောနေပါလိမ့်မယ်။
သူတို့နှင့်ဆက်ဆံမယ် ဆိုရင်တော့ မျက်နှာကိုကြည့်ပြီး အဖြေကို တိုတိုလေးပဲ ပေးလိုက်ပါ။ အဲဒီလောက်သိနေရင် ကိုယ်တိုင်လုပ် ဆိုတဲ့ အထာမျိုးနဲ့ပေါ့။ ဒါဆိုရင် သူတို့လည်း သင့်ကိုရှိန်သွားပြီး နေရာတိုင်း လိုက်ပြောတာတွေ ရပ်သွားပါလိမ့်မယ်။
ရန်လိုတတ်တဲ့သူမျိုး ဆိုရင်တော့ စကားကို သေချာတော့ သတိထား ပြောသင့်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် သင့်ကိုအန္တရာယ် မပြုအောင် ဂရုစိုက်ပါ။
၃။ ရာဇသံတွေ သုံးကြခြင်း
ရှက်တတ်၊ ကြောက်တတ်တဲ့သူတွေကို အနိုင်ကျင့်ရတာက လွယ်ကူပါတယ်။ ကိုယ်ကအားနာလို့ ဘာမှပြန်မပြောရင်တောင် သူတို့စိတ်ထဲမှာ မိမိကို ဘာမှမဟုတ်ပါဘူးကွာဆိုပြီး တွေးနေပါလိမ့်မယ်။ သည်းခံပါများလာရင် ကိုယ့်ကိုနိုင်လို့ရတယ် ထင်လာပါလိမ့်မယ်။ နောက်ပိုင်းကျရင် မဖြစ်မနေ လုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့ စကားတွေပါ သုံးလာနိုင်ပါတယ်။
ဒါကြောင့် တချို့သူတွေနဲ့ စကားပြောရင် အားမနာပါနဲ့။ ကိုယ်မကြိုက်တာတွေ၊ မလုပ်ချင်တာတွေကို ပြတ်ပြတ်သားသားပြောပါ။ ရဲရင့်တာက အကောင်းဆုံးပါပဲ။ သည်းခံသင့်သလောက်ပဲ သည်းခံပြီး ပြောသင့်တဲ့စကားကိုတော့ ပြောရမှာပါပဲ။
၄။ လူကောင်းတွေကိုပဲ အသုံးချခြင်း
သူတို့အဓိက အနိုင်ကျင့်တတ်ကြတဲ့သူတွေက သနားကြင်နာတတ်ပြီး သိမ်မွေ့တဲ့သူတွေပဲ ဖြစ်ပါတယ်။ ရင်ဖွင့်တာတွေ၊ လျှို့ဝှက်ချက်တွေကို အသုံးချပြီး ပြန်အနိုင်ကျင့်လေ့ ရှိပါတယ်။ ကိုယ်စိတ်ဆင်းရဲနေမှ ပျော်နေတတ်တဲ့ လူစားမျိုးတွေပါ။
သင်တစ်နေရာရာကို သွားမယ် ဆိုရင်တောင် သူတို့က လိုက်ချုပ်ချယ်နေတာတွေ၊ အပြင်က ပြန်လာတယ် ဆိုရင်တောင် ဘာတွေလုပ်ခဲ့လဲ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာတွေကို တစ်ခုမကျန် လိုက်မေးပြီး သင့်ကိုအပြစ်ပဲ လိုက်ပြောနေပါလိမ့်မယ်။
ဒါကြောင့် ကိုယ်နဲ့သူတို့ကြားမှာ စည်းလေးတစ်ခု ခြားထားသင့်ပါတယ်။ ကိုယ်ကိုယ်တိုင်က တင်းကျပ်ပြနေမှ သူတို့ဘက်က နေရာတိုင်း လိုက်ပြောတာတွေကို ရပ်တန့်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဘာလုပ်လုပ် သူတို့နဲ့ မဆိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောထားသင့်ပါတယ်။
၅။ ဘာကိစ္စပဲဖြစ်ဖြစ် လိုက်မေးနေခြင်း
သူတို့က သင့်ရဲ့ကိစ္စတိုင်းကို လိုက်မေးနေပြီး အကြံဉာဏ်တွေ ပေးပါလိမ့်မယ်။ ပေးတဲ့အကြံတွေကလည်း ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာကို မစဉ်းစားပဲ သူတို့ဖြစ်ချင်တာတွေကိုပဲ ပြောပြနေမှာပါ။ လိုက်မလုပ်ရင်လည်း သင့်ကို စိတ်ဆိုးပါလိမ့်မယ်။
အထူးသဖြင့် ဒီလို ကိစ္စတွေဟာ သမီးရည်းစားတွေကြားမှာ အဖြစ်များပါတယ်။ ဖြစ်နိုင်ရင် သူတို့ကို သင့်ဘဝထဲက ဖြတ်လိုက်ပါ။ ဘယ်သူပဲဖြစ်ဖြစ် သင့်ဘဝကို မကောင်းစေနိုင်ဘူး ထင်ရင် ဆက်ပြီး မပတ်သက်တာ အကောင်းဆုံးပါပဲ။ ဒါဟာ သင့်ကိုလည်း စိတ်ချမ်းသာစေတဲ့အပြင် ကိစ္စတိုင်းကိုလည်း ကိုယ်အဆင်ပြေသလို ဖြေရှင်းလို့ ရပါတယ်။
၆။ သင့်ကို အမြဲတမ်း ခြိမ်းခြောက်နေခြင်း
ကိုယ့်ရဲ့မိတ်ဆွေတွေနဲ့ တချို့လူတွေကို ကိစ္စတိုင်းပြောပြထားတာက သိပ်အဆင်မပြေနိုင်ပါဘူး။ တချိန်ချိန်ကျရင် လျှို့ဝှက်ထားရမယ့်ကိစ္စက အားနည်းချက် ဖြစ်လာပြီး သူတို့အတွက် အကျပ်ကိုင်ဖို့ အခွင့်အရေး ပေါ်လာပါလိမ့်မယ်။
တကယ်လို့ သူတို့နဲ့ ဆက်ဆံမယ် ဆိုရင် ကိစ္စတိုင်းကို မပြောပြပါနဲ့။ တော်ရုံကိစ္စတွေဆိုလည်း မသိချင်ယောင် ဆောင်နေပါ။ ဒါဆိုရင် သူတို့လည်း သင့်ကိုအကျပ်ကိုင်လို့ မရမှန်းသိလာပြီးတော့ လက်လျှော့သွား ကြပါလိမ့်မယ်။
Zombie (lovemedia)
credit