ၾကားသိရသမွ်

ကလေးတွေကို ညအိပ်ရာဝင်ချိန်မှာ ပုံပြင်ဖတ်ပြသင့်တဲ့ အရေးပါတဲ့အချက် (၇) ချက်

ငယ်ရွယ်သေးတဲ့အချိန်မှာ ကလေးတွေက မကောင်းတဲ့ အရာတွေကို သင်ယူလွယ်သလို ကောင်းတဲ့အရာတွေကိုလည်း သင်ယူလွယ်ပါတယ်။ အဲဒါကြောင့် ကောင်းတဲ့အမူအကျင့်တွေကို သင်ပေးဖို့ ကလေးအရွယ်က အကောင်းဆုံးပါပဲ။

ကလေးတွေအတွက် ကောင်းတဲ့အမူအကျင့်တွေ ရစေဖို့ အထိရောက်ဆုံး နည်းလမ်းကတော့ ပုံပြင်ပြောပြတာပါပဲ။ ညအိပ်ရာဝင်တိုင်း ကလေးတွေကို ပုံပြင်ပြောပြခြင်းရဲ့ အကျိူးကျေးဇူးတွေက ထင်ထားတာထက် ပိုများပါတယ်။

၁။ စိတ်ရှည်လာခြင်း

စိတ်ရှည်ခြင်းကလည်း အရည်အချင်း တစ်ရပ်ပါပဲ။ ဒါပေမယ့် လူအများစုက စိတ်ရှည်ဖို့ မေ့နေတတ်ပါတယ်။ ကလေးတွေကို ပုံပြင်လေးတွေ ဖတ်ပြတာက သူတို့ကို ပိုပြီး စိတ်ရှည်စေပါတယ်။ အသက်ကြီးလာတဲ့အခါ သူတစ်ပါးကို နားထောင်ပေးတတ်သူ၊ နားလည်ပေးတတ်သူ၊ တန်ဖိုးထားတတ်သူ စတဲ့အကျိူးကျေးဇူးတွေလည်း ရစေပါတယ်။

၂။ ဝေါဟာရ ကြွယ်ဝလာစေခြင်း

စာများဖတ်တဲ့ ကလေးက သူများထက် ဝေါဟာရ ပိုကြွယ်ဝပါတယ်။ ဘယ်လောက်တောင် ကြွယ်ဝစေသလဲ ဆိုရင် ဝေါဟာရ ၄၀ ရာခိုင်နှုန်းတောင် တိုးတက်လာစေပါတယ်။

၃။ စိတ်ကူးစိတ်သန်းတွေ ကြီးမားလာစေခြင်း

ပုံပြင်ဖတ်ပြခြင်းက ကလေးတွေရဲ့စိတ်ထဲမှာရှိတဲ့ ဆန်းသစ်တဲ့ စိတ်ကူးတွေကို ပွင့်ထွက်လာစေပါတယ်။ ကလေးတွေကို စာများများ ဖတ်ပြလေ စာလုံးတွေနဲ့ ဇာတ်လမ်းကို သူတို့ရဲ့စိတ်ထဲမှာ ပုံဖော်လာနိုင်လေပါပဲ။ ဒါ့အပြင် ကလေးတွေအတွက် တီထွင်ဖန်တီးမှုအားတွေ ပိုကောင်းလာစေပါတယ်။

၄။ ပိုမိုစာနာ တတ်လာခြင်း

စာနာတတ်တဲ့စိတ်ထားဟာ လူသားတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒီလှပတဲ့ စိတ်ထားလေးကို ပုံပြင်ဖတ်ပြခြင်းနဲ့ ထည့်သွင်းပေးလို့ ရပါတယ်။ ကလေးတွေကို ပုံပြင်ဖတ်ပြတဲ့အခါ ပုံပြင်ထဲက ဇာတ်ဆောင်တွေရဲ့ စရိုက်ကို ခံစားထိတွေ့ခွင့်တွေ ရလာစေပါတယ်။

၅။ စကားပြောစွမ်းရည် တိုးတက်စေခြင်း

ကလေးတွေကို စာဖတ်ပြတာက လူမှုဆက်ဆံရေး တိုးတက်စေပါတယ်။ ပုံပြင်ဖတ်ပြနေရင်း သူတို့မေးခွန်းတွေကို ဖြေပေးတာ၊ ရှင်းပြတာ၊ လက်တွေ့ဘဝနဲ့ ပုံပြင်ကို ဆက်စပ်ပြတာ၊ အပြန်အလှန် ဆွေးနွေးတာတွေက ကလေးတွေရဲ့ စကားပြောစွမ်းရည်တွေကို တိုးတက်စေပါတယ်။

၆။ အာရုံစိုက်မှု အားကောင်းစေခြင်း

ကလေးတွေက ငယ်သေးတာကြောင့် အာရုံစိုက်မှု လွယ်လွယ်နဲ့ မရနိုင်သေးပါဘူး။ စာဖတ်ပြတာက ကလေးတွေကို အာရုံစိုက်တတ်လာဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ ပုံပြင်ပြောပြတဲ့အချိန် သေချာနားထောင်နေရင် ဂျီကျတာတွေလည်း နည်းလာမှာပါ။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတွေ ချမှတ်တတ်လာခြင်း၊ အချိန်ကြာကြာ အာရုံစိုက်တတ်လာခြင်း၊ မှတ်ဉာဏ် ပိုကောင်းလာခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရစေမှာပါ။

၇။ စာဖတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးနိုင်ခြင်း

ငယ်ငယ်ကတည်းက ကလေးတွေကို စာဖတ်ပြရင် စာအုပ်တွေကို ချစ်တဲ့စိတ်၊ တန်ဖိုးထားတဲ့စိတ်၊ စာဖတ်တဲ့ အလေ့အကျင့်တွေကို တစ်ပါတည်း ရသွားစေပါတယ်။ ငယ်ငယ်ကတည်းက စာအုပ်နဲ့ ထိတွေ့တဲ့ကလေးတွေက တီဗွီ၊ game နဲ့ ဆော့စရာတွေထက် စာအုပ်ကိုပဲ ပိုပြီးရွေးချယ်ပါတယ်။

Zombie (lovemedia)