မန်ချက်စတာယူနိုက်တက်အသင်းကတော့ လက်ရှိအချိန်မှာ ဒဏ်ရာပြသနာတွေကြောင့် အတော်လေး ရုန်းကန်နေရတဲ့ အနအေထားတစ်ခုကို ရောက်နေတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲမှာလည်း အဆင့် ၈နေရာမှာ ရပ်တည်နေပြီး၊ ချန်ပီယံလိဂ် ဝင်ခွင့်ကို လက်လွှတ်ခဲ့ရသလို၊ ယူရိုပါလိဂ်၊ ကွန့်ဖရန့်လိဂ် စတဲ့ ဥရောပဝင်ခွင့်အတွက်လည်း အတော်လေး အလှမ်းဝေးသွားခဲ့ပြီ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ နောက်ဆုံးမျှော်လင့်ချက် တစ်ခုအနေနဲ့ ဒီလထဲမှာ FAဖလား ဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
တစ်နည်းအားဖြင့် ဒီဖလားဗိုလ်လုပွဲဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်း အတွက် တစ်လုံးတည်းသော ဆုဖလားကိုင်မြှောက်ခွင့်ရမယ့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီFAဖလားကိုသာ ဗိုလ်စွဲခဲ့မယ်ဆိုရင်တော့ ဥရောပပြိုင်ပွဲတစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်ကို တိုက်ရိုက်ဝင်ခွင့် ရမှာလည်း ဖြစ်ပါတယ်။
သတင်းကောင်းတစ်ခုအနေနဲ့ ဒီလိုအဖက်ဖက်က အရေးပါလှတဲ့ FAဖလား ဗိုလ်လုပွဲမှာ အသင်းရဲ့ အားထားရတဲ့ အဓိက ကစားသမားတွေ ဒဏ်ရာကနေ ပြန်လာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
ကာလရှည် ဒဏ်ရာရနေခဲ့တဲ့ ခံစစ်မှုး လီဆန်ဒရိုမာတီနက်ဇ်လည်း ပြန်လည်ပါဝင်လာမှာဖြစ်သလို၊ မက်ကွိုင်းယားလည်း ဗိုလ်လုပွဲမှာ ပါဝင်လာမယ်လို့ ဆိုထားတာပါ။
ဒါ့အပြင် အသင်းရဲ့ အဓိကအရေးပါဆုံး ကစားသမားတစ်ယောက်ဖြစ်တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်လည်း ပါဝင်လာမှာ ဖြစ်တာကြောင့် ယူနိုက်တက်ပရိတ်သတ်တွေအတွက် သတင်းကောင်းလို့ ဆိုရမှာပါ။