အေထြအေထြဗဟုသုတ

မနက်ခင်းမှာ ခံတွင်းအနံ့ဆိုးထွက်တာကို ဘယ်လိုကာကွယ်မလဲ

အိပ်ယာထတိုင်း ပါးစပ်ကနေ အနံ့ဆိုးထွက်တာက သဘာဝပါပဲ။ ဒါပေမယ့် ဘာကြောင့်ဖြစ်ရတယ် ဆိုတဲ့အကြောင်းအရင်းနဲ့ ဘယ်လိုရှောင်ရမလဲ ဆိုတာကို သိတဲ့လူနည်းပါတယ်။

အနံ့ထွက်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ပါးစပ်တွေ ခြောက်သွေ့နေလို့ပါပဲ။ အိပ်ပျော်သွားတဲ့အခါ တံတွေးထွက်နည်းလာပြီး ပါးစပ်ခြောက်သွေ့လာပါတယ်။ အနံ့အသက်ဆိုးကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ အထူးသဖြင့် ညအိပ်ချိန်မှာ ပါးစပ်နဲ့ အသက်ရှူတတ်သူတွေ၊ ဟောက်တတ်သူတွေမှာ အဖြစ်များပါတယ်။

အနံ့အသက်ဆိုးကို ဖြစ်စေတဲ့ အခြားသော အကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ ဥပမာ ဆေးဝါးသောက်ခြင်းကနေလည်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတာနှင့်အမျှ အနံ့အသက်တွေ ပိုဆိုးလာတယ်လို့ သက်ကြီးရွယ်အို အများစုက ညည်းညူကြပါတယ်။

သူတို့သောက်တဲ့ဆေးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ခြင်းကြောင့်လည်း အနံ့ထွက်နိုင်ပါတယ်။ လည်ချောင်းနောက်ဘက်မှာရှိတဲ့ ချွဲတွေကလည်း ဘက်တီးရီးယား‌တွေအတွက် အစားအစာ အရင်းအမြစ် ဖြစ်ပါတယ်။ ဒါ့အပြင် ခံတွင်းနဲ့ သွားတွေကို သန့်ရှင်းအောင် မထားရင်လည်း ဖြစ်တတ်ပါတယ်။

နောက်ဆုံးအနေနဲ့ အိပ်ရာမဝင်ခင် စားတဲ့ အစားအစာတွေကလည်း အရေးကြီးပါတယ်။ ဥပမာ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ အနံ့ပြင်းတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက သင့်ရဲ့ ပါးစပ်ကို အနံ့အသက် ပြောင်းလဲသွားစေနိုင်ပါတယ်။

ခံတွင်းအနံ့အသက် ဆိုးနေတာကို ဘယ်လိုဖယ်ရှားမလဲ

မနက်ခင်းမှာ အနံ့ဆိုးထွက်တာကို လုံးဝ မဖယ်ရှားနိုင်ပေမယ့် သူ့ရဲ့ပြင်းထန်မှုကို ထိန်းချုပ်နိုင်ပါတယ်။

– သွားတွေကို သေချာတိုက်ပါ။ သွားတိုက်ရင် အနည်းဆုံး ၂ မိနစ်လောက် တိုက်ပေးပါ။ သွားတိုက်ပြီးရင်တော့ ဘာမှမစားမသောက်ဘဲ အိပ်ရာဝင်တာ ပိုကောင်းပါတယ်။

– သင့်လျှာကိုလည်း ပွတ်တိုက်ပေးပါ။ ခံတွင်းနံ့ဆိုးစေတဲ့ ဘက်တီးရီးယား အများအပြားက လျှာပေါ်မှာ ရှိနေပါတယ်။ သွားတွေကို မကြာခဏ ပွတ်တိုက်ပေးမယ် ဆိုရင်တောင် လျှာကိုမတိုက်ဘဲ ထားခဲ့ရင် အနံ့ဆိုးတွေက ပျောက်မှာ မဟုတ်ပါဘူး။

– ပွတ်ကြိုးကို သုံးပါ။ သွားတိုက်တံ မဝင်နိုင်တဲ့ နေရာတွေကို သန့်ရှင်းပေးနိုင်ပါတယ်။ အထူးသဖြင့် ညဘက်မှာ ဘက်တီးရီးယားတွေ ခိုအောင်းနိုင်တဲ့ အစားအစာကျန်တွေကို ဖယ်ရှားရန် အထူးအရေးကြီးပါတယ်။

– ရေများများသောက်ပါ။ ရေက ခန္ဓာကိုယ်ကို တံတွေးပိုထုတ်စေပြီး မကောင်းတဲ့ ဘက်တီးရီးယားပမာဏကို လျှော့ချပေးနိုင်ပါတယ်။ ဖျော်ရည်တွေ၊ ဆိုဒါတွေ၊ ကော်ဖီတွေ မဟုတ်ဘဲ ရေကိုသာ သောက်ပေးပါ။

– ပလုတ်ကျင်းဆေးကို သုံးပါ။ ဗူးပေါ်မှာပါတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ပါးစပ်ထဲမှာ စက္ကန့် ၃၀ ကြာထားဖို့ လိုတယ်ဆိုရင် ထားပေးလိုက်ပါ။ မဟုတ်ရင် အကျိုးသက်ရောက်မှု အားနည်းသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီစက္ကန့် ၃၀ ဟာ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားဖို့ လိုအပ်တဲ့အချိန် ဖြစ်နေလို့ပဲပါပဲ။

– အစိမ်းရောင်များများ စားပါ။ နံနံပင်၊ ပင်စိမ်း၊ mint ဒါမှမဟုတ် cilantro မှာပါတဲ့ ကလိုရိုဖီးလ်က အနံ့အသက်ဆိုးတွေကို တိုက်ဖျက်ရာမှာ ကူညီပေးနိုင်ပါတယ်။

Zombie (lovemedia)